27-03-2013 ရက်နေ့က ဗမာပြည်က ကမ္ဘာကျော် ဗုဒ္ဓဘာသာရဲ့ ထင်ရှားတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ သီတဂူဘုန်းကြီးက မုသားဝါဒကံကို ချိုးဖောက်ပြီး သမိုင်းရဲ့ အရှိတရား၊ အမှန်တရားကို မျက်ကွယ်ပြုပြီး သမိုင်းဖျောက်ဖို့ကြိုးစားခဲ့ပါတယ်။ ၎င်းက “ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။”ဆိုပြီး The Voice Weekly ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တယ်။
ဒါနဲ့တင် ရပ်မသွားပဲ 02-04-2013 ရက်နေ့မှ ထပ်ပြီးတော့ ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်က ““ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး”ဆိုပြီး သတင်းထောက်များအား ပြောကြားခဲ့တယ်လို့ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီးပြီး လူမျိုးတုန်းသတ်ဖြတ်မှုစီမံကိန်းကြီးမှာ မီဒီယာတာဝန်ခံဌာနကြီးအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာသန်းထွဋ်အောင်ရဲ့ Eleven Media Group က 03-04-2013 နေ့မှာ သူတို့ရဲ့ တရားဝင် ၀ဘ်ဆိုဒ်မှာ တင်ခဲ့တယ်။
ညွှန်း- http://www.news-eleven.com/local/18835-အစ္စလာမ်-ဘာသာဝင်များအတွက်-ဗလီများ-ဆောက်လုပ်ခွင့်နှင့်-ဗလီများအတွင်း-စာသင်ကြားခွင့်များကို-သာသနာရေးမှ-တရားဝင်-ခွင့်ပြုထားခြင်း-မရှိကြောင်း-ရန်ကုန်တိုင်း-သာသနာရေးမှူး-ပြောကြား
သီတဂူဘုန်းကြီးရဲ့ အိမ်ရှင်နဲ့ ဧည့်သည်ဆိုတဲ့ စကားဟာ နိုင်ငံတကာဥပဒေအရ လုံးဝ ဆန့်ကျင်နေသလို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားတည်ဆဲဥပဒေတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒါထက် ဆိုးတာက သမိုင်းမှန်ကို ငြင်းပယ်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်မှုကြီးဆိုတဲ့ နိုင်ငံတကာရာဇ၀တ်မှုကြီးရဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာတွေထဲက ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဗမာပြည်မှာ အစ္စလာမ်သာသနာရောက်ရှိခဲ့တာ ပုဂံခေတ်ကတည်းက ဆိုတာကို ငြင်းမရနိုင်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ရှိနေပါတယ်။ အကယ်၍ သီတဂူဘုန်းကြီးအနေနဲ့ ဒီအချက်ကို လက်မခံဘူးဆိုရင် သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲကျင်းပပြီး ဆွေးနွေးဖို့ စီစဉ်သင့်ပါတယ်။ အကယ်၍ သီတဂူဘုန်းကြီးအနေနဲ့ မိမိမှာ သမိုင်းဆိုင်ရာ ပညာမဲ့ခြင်းကြောင့် မေ့မှား၍ ပြောဆိုခဲ့တယ်ဆိုရင်လည်း ဗမာပြည်တစ်ဝှမ်းလုံးက တိုင်းရင်းသား၊ နိုင်ငံသားတွေကို ဧည့်သည်ဆိုပြီး ကျူးကျော်စော်ကားခဲ့တဲ့အတွက် ပြန်လည် တရားဝင် တောင်းပန်သင့်ပါတယ်။
ဦးအောင်ကြည်ဆိုတာကတော့ သာသနာရေးဝန်ကြီးဌာနက စစ်အစိုးရဟောင်းတွေရဲ့ လက်ပါးစေတစ်ဦးပါပဲ။ သူပြောတဲ့အချက်ဟာ အမှန်ဖြစ်တယ်ဆိုရင် သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီအချက်ကို လက်မှတ်ထိုးပြီး တိုင်းသိပြည်သိ ကမ္ဘာသိကြေညာသင့်ပါတယ်။ ဦးအောင်ကြည်ရဲ့ စကားဟာ ဗမာပြည်တစ်ဝှမ်းမှာ မွတ်စလင်မ်လူထုတစ်ရပ်လုံးက အထွဋ်အမြတ်အထားတဲ့ ဗလီဝတ်ကျောင်းတော်တွေကို မီးရှို့၊ ဖျက်စီးနေတဲ့ အကြမ်းဖက်သမားတွေကို ပိုပြီး သောင်းကျန်းဖျက်စီး မီးရှို့နိုင်အောင် မြှောက်ထိုးပင့်ကော် လှုံ့ဆော်ပေးလိုက်တာပါပဲ။ ဒီလိုပြောခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအဖြစ် စစ်အာဏာရှင်တွေက မတရား သတ်မှတ်ထားတဲ့ စာရင်းထဲမှာတောင် ပါဝင်နေတဲ့ ကမာန်လူမျိုးစုဆိုတာ မွတ်စလင်မ်တွေ ဖြစ်နေလို့ပါဘဲ။ အခြား တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးနေရတဲ့ မွတ်စလင်မ် လူမျိုးစုတွေ ရှိပါသေးတယ်။ သူတို့ကတော့ ပသီ (ခေါ်) ဗမာမွတ်စလင်မ်၊ ရိုဟင်ဂျာ၊ ပန်းသေးနဲ့ ပသျှူးတို့ပဲ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သီတဂူဘုန်းကြီးနဲ့ ဦးအောင်ကြည်တို့နှစ်ဦးရဲ့ စကားတွေဟာ အခြားအချိန်၊ အခြားကာလမှာ ပြောဆိုခဲ့တယ်ဆိုရင် ကိစ္စမရှိသော်လည်း ယခုလို အလွန် အထိအခိုက်လွယ်တဲ့ ကာလမှာ ပြောခဲ့တဲ့အတွက် သူတို့မှာ ရည်ရွယ်ချက် ရှိကို ရှိပါလိမ့်မယ်။ အဲဒီ ရည်ရွယ်ချက်ကတော့ ဗမာပြည်တစ်ဝှမ်းက မွတ်စလင်မ်တွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်ဖို့ဆိုတဲ့ စီမံကိန်းကြီးကို အထောက်အပံ့ ပြုဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သီတဂူဘုန်းကြီးနဲ့ ဦးအောင်ကြည်တို့ဟာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီး၍ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို နိုင်ငံအနှံ့ ဖြစ်ပွားစေရန် တရားဝင် လှုံ့ဆော်သူနှစ်ဦးဖြစ်ပါတယ်။ အကယ်၍ သူတို့နှစ်ဦးအနေနဲ့ မေ့မှား၍ ပြောခဲ့မိတယ်ဆိုရင် ဗမာပြည်တစ်ဝှမ်းလုံးက မွတ်စလင်မ်လူထုကို အမြန်ဆုံး တရားဝင် ပြန်တောင်းပန်သင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
No comments:
Post a Comment