Tuesday, 1 September 2015

ကိုယ်စားလှယ်လောင်း ပယ်ချရာ၌ စံချိန်ချိုးသည့် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်

သြဂုတ် (၃၀)၊ ၂၀၁၅ ခု။
ဗမာ့တိုင်း(မ)စ်။ ။ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဌာနခွဲသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တင်သွင်းထားသော ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ပယ်ချရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွက် စံချိန်ချိုးလိုက်သည်ဟု ပြည်သူများက ပေးပို့ထားသော သတင်းများကို အခြေခံ၍ သိရှိရသည်။
အဆိုပါ မောင်တောခရိုင်အတွင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်နှစ်ခုရှိပြီး ယင်းမြို့နယ်များတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမတ်နေရာများအတွက် မဲဆန္ဒနယ်မြေ (၆) ခုရှိသည်။ ဖော်ပြပါ မဲဆန္ဒနယ် (၆) ခုမှ လာမည့် ၂၀၁၅ ခု၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သူ ကိုယ်စားလှယ်လောင်း (၅၅) ဦး ရှိသည်ဟုသိရပြီး၊ ယင်းတို့အနက် ယမန်နေ့အထိ (၁၉) ဦးကို အရည်အချင်း မပြည့်ဝကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဖော်ပြ   ပြီး ယင်းတို့၏ အမည်စာရင်းများကို ပယ်ချလိုက်သည်။
ယင်းကဲ့သို့ အမည်စာရင်း ပယ်ချခံရသူများကို ပါတီအဖွဲ့အစည်းအလိုက် ဖော်ပြရပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုက ရေစီနှင့် လူ့အခွင့်အရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့အပြင် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူများလည်း ပါဝင် သည်။ တဖန် အထက်ပါ အမည်စာရင်းပယ်ချခံသူများအား လူပုဂ္ဂိုလ်အရ ဖော်ပြရမည်ဆိုလျှင် မဲဆန္ဒနယ်မြေအမှတ်(၂)မှ ဝင်ရောက်ယှဉ် ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးထွန်းမင်းစိုးမှလွှဲ၍ ကျန်ကိုယ်စားလှယ်လောင်းအားလုံးမှာ ရိုဟင်ဂျာလူမျိုးများဖြစ်သည်။
ဦးထွန်းမင်းစိုးနှင့် ပတ်သက်၍ သူသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့သောကြောင့် မြန်မာနိုင်ငံအတွင်း (၁၀) နှစ် ဆက်တိုက် နေထိုင်သူဖြစ်ရမည် ဟူသည့်အချက်နှင့် ငြိစွန်းနေပြီး၊ ကျန်လူများမှာ မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား မဖြစ်သေးသောကြောင့် ယင်းကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဌာနခွဲမှ အရာရှိတစ်ဦးဖြစ်သူ ဦးဆန်းဝင်းထွန်းက ပြောခဲ့သည်။
ထူးဆန်းသည်မှာ ယင်းကဲ့သို့ အမည်စာရင်းလျှောက်လွှာများ ပယ်ချရာတွင် လက်ရှိ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိ ခဲ့သည့် CRPP အဖွဲ့ဝင် ဦးကျော်မင်းလည်း ပါဝင်နေခြင်းဖြစ်သည်။
တဖန် နိုင်ငံတော်အစိုးရက ရိုဟင်ဂျာလူမ်ျိုးတို့အား နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မှုခံယူပြီးမှ ဆုံးဖြတ်မည်ဟု ပြောဆိုနေစဉ် မောင်တော ခရိုင် ရွေးကောက်ပွဲကော်မရှင်က ယင်းတို့၏ မိဘနှစ်ပါး နိုင်ငံသားမဖြစ်ခဲ့ဟု ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းသည် နိုင်ငံတော် အကြီးအကဲ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်ခဲ့သည်ဟု ထောက်ပြမှုများရှိသည်။
ယခုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့သည့် မောင်တောခရိုင်မှ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများနည်းတူ အမည်စာရင်း တင်သွင်းခဲ့သူကိုယ်စားလှယ်လောင်းများ အားလုံးသည် တရားဝင် သက်သေခံစာရွက်စာတမ်း အထောက်အထားများ တင်ပြခဲ့ပြီးမှ နိုင်ငံသားစိစစ်ရေးကတ်   ပြားများ ကိုင်ဆောင်ထားသူများ ဖြစ်သည့်အပြင် တရားဝင် နိုင်ငံရေးပါတီများ ထူထောင်ခွင့် ရရှိထားသူများလည်းဖြစ်သည်။ ထို့နောက် ဆုံးဖြတ်ချက်ချသူများ၏ မိဘများနည်းတူ ကိုယ်စားလှယ်လောင်းအားလုံး၏ မိဘများသည်လည်း အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခဲ့သူများ ဖြစ်သည့်အပြင် ခေတ်အဆက်ဆက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် မဲပေးပိုင်ခွင့် ရှိခဲ့သူများ၊ အစိုးရ တာဝန်ထမ်းဆောင်ခဲ့သူများနှင့် ရွေးကောက်ပွဲတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိခဲ့သူများဖြစ်ကြရာ၊ ယခု ယင်းတို့၏ မိဘနှစ်ပါး နိုင်ငံသားမဖြစ်ခဲ့ဟု ပြောဆိုဆုံးဖြတ်သူ ကော်မရှင်ဝန် ထမ်းများ၏ မိဘနှစ်ပါးက အဘယ်ကဲ့သို့ နိုင်ငံသားများ ဖြစ်လာသည်ကို မည်သူဆုံးဖြတ်မည်နည်း။
ဒေသခံများ၏ သတင်းပေးပို့ချက်အရ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဌာနခွဲတာဝန်ခံများသည် လူမျိုးဘာသာ အစွန်းရောက်သူများဖြစ်ပြီး၊ ရခိုင်အမျိုးသားပါတီကို ထောက်ခံသူများဖြစ်သည့်အပြင် ယင်းပါတီတာဝန်ရှိသူများမှ မတရားသဖြင့် ကမ်းလှမ်းလာသည့်ေ ငွကြေးပမာဏကို လက်ခံရယူကာ ထိုပါတီမှ အလိုရှိသည်အတိုင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ပေးရာ၌ ရိုဟင်ဂျာတို့အား နိုင်ငံသားပြဿနာ၊  အခြားပြိုင်ဖက်များအား သူ့နည်းသူ့ဟန် ပယ်ချ၍ ရခိုင်အမျိုးသားပါတီအတွက် ရွေးကောက်ပွဲကို အခက်အခဲမရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လမ်းကြောင်းရှင်းပေးလျက်ကြောင်း သိရှိရသည်။
ကိုယ်စားလှယ်လောင်းများ တင်သွင်းသည့် အမည်စာရင်းများ စိစစ်ရန် သြဂုတ်လ (၃၁) ရက်နေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားသည်ဟုလည်း သိရသည်။

No comments:

Post a Comment