ရခိုင်တိုင်းမှရသော ကျောက်စာများအနက် အာရဗီဘာသာ ကျောက်စာ နှစ်ချပ်မှာ စာတစ်လုံးစ နှစ်လုံးစမျှသာ ပါရှိသော ကျောက်စာများ ဖြစ်သည်။ ကျောက်စာငယ် တစ်ချပ်တွင် (၁) အလ္လာဟု၊ (၂) အလ္လာဟ် ဟူသော အမည်နာမမျှသာ ပါရှိသဖြင့် သင်္ချိုင်းစာနှင့် တူသည်။ အလျား (၁၀) လက်မ၊ အနံ (၈) လက်မ၊ ထု (၆) လက်မရှိသော ဤကျောက်စာကို သိမ်ကြီးထောင် ဘုရားဂူတွင်းမှ ရသည်။ ယခုအခါ နန်းရာကုန်း ပြတိုက်တွင် သိမ်းဆည်းထားသည်။
ကျန်ကျောက်စာ တစ်ချပ်မှာ အာရဗီ ဘာသာဟူ ဆိုသော်လည်း၊ စာလော၊ ပန်းဆွဲလော ဟု တွေးတော ယုံမှားဘွယ်ရာ ကျောက်စာဖြစ်နေသည်။ မူလရသော နေရာမှာ မြို့ဟောင်း မြို့နန်းရာကုန်း ဒုတိယအဆင့် အနောက်တောင်ထောင့် အုတ်နံရံ အခန်းတစ်ခန်း ဖြစ်သည်။ ယခုအခါ နန်းရာကုန်း ပြတိုက်တွင် သိမ်းဆည်းထားသည်။ အလျား (၁၁) လက်မ၊ အနံ (၈) လက်မ၊ ထု (၄) လက်မ ရှိသည်။ စာဖြစ်လျှင်လည်း သင်္ချိုင်းစာ ဖြစ်ရမည်။ သင်္ချိုင်းစာ ဖြစ်လျှင် မူလနေရာသည် ဤနေရာ မဖြစ်နိုင်ချေဟု ရှေးဟောင်း သုတေသန ညွန်ကြားရေး ၀န်၏ ၁၉၅၉-၆၀ ခုနှစ် အတွက် နှစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
No comments:
Post a Comment