Wednesday, 2 September 2015

မွတ်စ်လင်မ်တွေကို ရည်ရွယ်ပြီးပစ်တဲ့ မျိုးစောင့်ဥပဒေဟာ မွတ်စ်လင်မ်တွေကို တိုက်ရိုက် ထိပုံမရဘူး


.
နောက်ဆုံး တစ်လင်တစ်မယားဥပဒေနဲ့ မုဒိမ်း ၃ နှစ်၊ Keeping ထားရင်၊ အလိုတူ အတူတူနေတာ ၇ နှစ် ကို ကန့်ကွက် အသံထွက်နေကြတဲ့ထဲမှာ မွတ်စ်လင်မ်တွေ မပါကြသလိုပဲ။
.
သေချာတာက မဘသ ဟာ "ယုန်ထောင် ကြောင်မိ" နေပြီ။
.
ဒီဥပဒေကို တရားဝင် အသက်သွင်းတဲ့နေ့မှာ မြန်မာပြည်တစ်ပြည်လုံးထဲက အသက် ၁၅ အထက် ၇၀ အောက် လူ ၇၅% လောက် ပွက်လောရိုက်ကုန်ကြလိမ့်မယ်။
.
ဒီဂွင်နဲ့ တိုက်ရိုက် ထမင်းစားနေကြတဲ့ တည်းခိုခန်းတွေ လိုင်စင်ပိတ်ခိုင်းရဲကြမလား။ ငွေရေးကြေးရေးအခက်အခဲကြောင့် လိင်မှုကိစ္စ အပေးအယူရှိနေကြသူတွေကို ဒီပြသနာ ပြေလည်အောင် ဒီဘုန်းကြီးတွေ ဘာလုပ်ပေးနိုင်မလဲ။
.
တရားစွဲ အပြစ်ပေးထောင်ချပစ်ရုံနဲ့ ဒီပြသနာ ပြေလည်သွားမလား။ မြန်မာနိုင်ငံက လောကီနိုင်ငံလား၊ ယောင်ဝါးဝါးသွားနေတဲ့ လောကုတ္တရာနိုင်ငံလား။
.
အစိုးရအစဉ်အဆက်ရဲ့ စီမံခန့် ခွဲမှု စုတ်ပြတ်သတ်နေအောင် ညံ့ဖျင်းမှုကို ရဲရဲဝံ့ဝံ့ထောက်ပြကာ
ပြသနာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အထွေထွေကျပ်တည်းဆင်းရဲနိမ့်ပါးခြင်းကို ဆွဲတင်မလား။
.
မယောင်ရာဆီလူးနေတဲ့ ဒီဥပဒေတွေနဲ့ အချိန်ကုန်ခံကြမလား။
.
ဒီ မဘသ ဘုန်းကြီးတွေမှာ အဖြေရှိပုံမရဘူး။ ဘယ်တုန်းကမှလည်း ဘယ်ပြသနာအတွက်မှ အဖြေမရှိခဲ့ဖူးဘူး။
.
သေချာတာက မွတ်စ်လင်မ်ကို ရည်ရွယ်ပြီးပစ်တဲ့ မျိုးစောင့်ဥပဒေဟာ မွတ်စ်လင်မ်ကို တိုက်ရိုက်ထိမှာက နောက်၊ ခုစပြီး အရင်ထိမှာက ငွေကြေးအခက်အခဲကို နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေကြရတဲ့ လူမျိုးပေါင်းစုံပါပဲ။
.
သေချာတာက နောင် နှစ် တစ်ဆယ်တောင် မခံမယ့် မယောင်ရာဆီလူးနေတဲ့ ဒီမျိုးစောင့်ဥပဒေတွေကို မြန်မာနိုင်ငံ ဘယ်သူမဆို လက်မခံဘဲ ကန်ထုတ်မယ့် တစ်ရက်ကို ရောက်လာပါလိမ့်မယ်။ လူလောကမှာ နေတဲ့ လူတွေအတွက် လူတွေက ပြဋ္ဌာန်းကာ ဘယ်သူမဆို လွယ်လင့်တကူလိုက်နာကျင့်သုံးနိုင်တဲ့ လူ့ဥပဒေတွေကသာ လူကြားထဲမှာ တာရှည်ခံအသုံးဝင်တတ်တာက ဓမ္မတာပါပဲ။

No comments:

Post a Comment